ဂျပန်စားစရာ အိုဆာကာရဲ့တခိုရခိ


အခုတလော မုန့်တွေပဲစားဖြစ်နေပါတယ်။မက်ခ်ဒိုနယ်လ်က နေ့တိုင်းဖြစ်နေတော့ဝိတ်က တဟုန်ထိုးတက်နေတယ်။ ဒါနဲ့ ဈေးသက်သာပြီး စားကောင်းတဲ့ မြန်မာပါးစပ်နဲ့ ကွက်တိဖြစ်တဲ့ တခိုရခိပဲပြောင်းစားလိုက်တယ်။
မု့န်လင်မယားပါပဲ။သူက ပိုလွယ်တယ်။တခြမ်းစီ မဟုတ်ပဲ လုံးလုံးလေးတွေပါ။လုပ်နည်းလည်း အတူတူပါပဲ။အဓိကကဆော့ဆမ်းတာလေးက စားကောင်းစေတာပဲလားလို့။မု့န်ထဲကို ရေဘ၀ဲလေးတွေ သေးသေးလှီး ထည့်ထားတယ်။
တခို ဆိုတာရေဘ၀ဲပေါ့ ရခိ ဆိုတာကင်တာပေါ့။အိုဆာကာ ရဲ့လူကြိုက်များတဲ့စားစရာတမျိုးပါ။
ရောက်ကာစ မြန်မာတွေ နိုင်ငံခြားသားတွေကို ဒုက္ခပေးချင်လျှင် တခိုရခိဝယ်ကျွေးလိုက်ပါ။
 အမြင်ပန်းအငွေ့မထတော့ မပူဘူးထင်ကြတာပေါ့။(ကိုယ်တွေ့)ပါးစပ်တခုလုံး ပူထူသွားပြီး အရေပြားတောင် လန်ပါတယ်။ဂျပန်တွေက အဲ့လိုပူတာက အရသာတဲ့။စားခါစက ပါးစပ်ထဲရောက်မှ ပြန်ထွေးတဲ့သူတွေက ခုဆိုတခိုရခိမှတခိုရခိဖြစ်နေကြပါပြီ။
ကလေးတွေနောက်တအုပ်လာတိုင်း တခိုရခိသွားစားကြပါတယ်။ကျမတို့က စားကျင့်ရှိနေတော့ အိုကေနေပြီ။ရောက်စကလေးတွေကတော့ စားပြီးရင်စိတ်ဆိုးပြီးအော်ကြရော။




မြန်မာပြည်ကမုန့်လင်မယား လွမ်းတိုင်းစားမိတဲ့တခိုရခိ



သားသားတို့မီးမီးတို့ လွယ်လွယ်ကူကူလုပ်ရအောင် အဆင်ပြေတဲ့မုန့်လုပ်တဲ့အိုးပါ။



ကျောင်းပွဲတွေဆို သူလေးတွေလည်းလက်စွမ်းပြကြတယ်။

 
တခိုရခိရဲ့လိုကိုလေးပေါ့။
မြန်မာပြည်ကလို လမ်းဘေးဆိုင်ရှိတာ တခိုရခိပါပဲ။
ကျမလည်းသင်နေပါတယ်။အကြံကုန်ရင်
တခိုရခိပဲရောင်းရအောင်။



ကျနော်နှင့်အိမ်များ


ခုတလော အငဲရဲ့အိမ်ဆိုတဲ့သီချင်းလေးညည်းနေမိတယ်။
ကျနော်တို့မိသားစုက အိမ်ခဏခဏပြောင်းခဲ့ရတယ်။
အမေ့အိမ်လို့ကျနော်တို့မောင်နှမတွေခေါ်တဲ့နယ်ကအိမ်လေးကိုထားခဲ့ပြီး။
အမေ့အိမ်လေးမှာလည်းလွမ်းစရာတပုံတပင်ပါ။ကျနော်အကိုနှစ်ယောက်က ရုပ်ရှင်ပြတမ်းကစားလေ့ရှိတယ်။ပိတ်ကားထောင်ပြီး အလင်းရောင်ထိုး အရုပ်ကလေးတွေလှူပ်ပြီးတော့။ဂျပန်မှာအရိပ်ပွဲလေးကြည့်တော့ ကိုကြီးနဲ့ကိုလေးကိုသတိရလို့မျက်ရည်ကျမိတယ်။ကျနော်အတွက်အမှတ်ရစရာက ဂျင်ခုတ်ရင်းလက်ဓါးထိတာပါ။နောက်တခုကမီးပုံကိုမီးသေပြီထင်ပြီးတက်နင်းတာရယ်။
ငယ်ငယ်ကတည်းကမီးနင်းပွဲလုပ်ဘူးပါတယ်။
နောက် ညောင်လေးပင်ကိုပြောင်းကြတယ်။သူငယ်တန်းစတတ်တော့ အမေကကျောင်းကိုအတင်းဆွဲခေါ်၇တယ်။ငယ်ငယ်ကတည်းက သူများဘာကျွေးကျွေးစားပါတယ်။:P ပိန်းရိုးတွေစားလို့ရတယ်ဆိုပြီး ကျွေးတာစားမိလို့ လျှာတနေကုန်ဆားပွတ်ပြီးနေရဘူးပါတယ်။
နောက်ရန်ကုန်ကိုပြောင်းခဲ့တယ်။အမေကမောင်နှမတွေရန်ဖြစ်ရင် ထမင်းစားချိန်ကျောချင်းမှီပြီးစားခိုင်းပါတယ်။သူကျောကိုယ်တွန်း ကိုယ်ကျောသူတွန်းရင်းနဲ့ ပြန်ခေါ်သွားတတ်ပါတယ်။
အမေဆုံးတော့ ရန်ကုန်ကအဲ့ဒီ့အိမ်ကလေးကနေထပ်ပြောင်းကြပြန်တယ်။
နောက်အိမ်လေးက အိမ်ရဲ့တမံသလင်းအောက်မှာ ဓာတ်ဆီထည့်တဲ့တွင်းကြီးနဲ့ပါ။
ကားအကြီးကြီးတွေနဲ့ ထည့်လိုက်ထုတ်လိုက်ပေါ့။မီးပျက်ရင်လဲ ဓာတ်ဆီတွင်းပေါ်မှာပဲ ဖယောင်းတိုင်နဲ့နေခဲ့ကြတာပါ။
ခုတွေးရင် တော်တော်ကြောက်စရာကောင်းပါလားဆိုပြီး။
ရပ်ကွက်ထဲမှာနာမည်နဲ့နေတာပါ။
ကျနော်ငိုရင် တော်တော်ဝေးတဲ့နေရာကတောင်ကြားရပါတယ်။ကလေးအရမ်းငိုတဲ့အိမ်ဆိုပြီး။
အလွမ်းဆုံးကတော့ နှစ်စီးတွဲ busကားကြီးတွေ။အိမ်ကတင်ပေးရုံပါပဲ။
ကျန်တာ စပယ်ရာ့တာဝန်ပါ။
စပယ်ရာတွေဘယ်လိုဆိုးတယ်ပြောပြော အဖြူအစိမ်းဝတ်ကလေးတွေကိုတော့ ချစ်ကြပါတယ်။
နောက်တော့ဝင်းကျယ်တဲ့အိမ်လေးပြောင်းခဲ့ပြန်တယ်။
ကျနော်ရဲ့အပျော်ဆုံးကလေးဘဝကအဲ့ဒီ့အိမ်ပါ။
အချစ်ဆုံးသူငယ်ချင်းနဲ့အိမ်တလှည့်ဆီပြန်လိုက်ပို့ဘူးပါတယ်။
မောတော့မှအိမ်နှစ်အိမ်ကြားဆိုပြီး သေသေချာချာ ခြေလှမ်းရေတိုင်းထားတဲ့နေရာမှာ
လမ်းခွဲပါတယ်။ဒါတောင် တစ် နှစ် သုံး ရွတ်ပြီးကျောခိုင်းတာပါ။
ကျနော်တာဝန်က မီးသွေးဝယ်၊အကြော်ဝယ်၊နွားနို့ဝယ်ပါ။
ကန်ဘဲ့ဈေးထဲဈေးဝယ်လွှတ်ရင် အရမ်းဝေးတော့ မေ့မေ့သွားပြီး အိမ်ပြန်မေးရပါတယ်။
မု့န်လက်ကောက်ဆိုင်ကဦးလေးဆို ကျနော့်ကိုတော့ ဆလန်သတတ်ပါတယ်။
မု့န်တခုစားရင် ထညက်ရေနှစ်ခါပေးရလို့။(နည်းသိချင်လျှင်မေးနိုင်ပါတယ်။)
အဲဒီ့အိမ်ကပြောင်းတော့ အရမ်းဝမ်းနည်းခဲ့တယ်။
ကျောင်းပြောင်းတာကအဆိုးဆုံးပါပဲ။
လူကြီးတွေတော့မသိဘူး။ကျနော်က နောက်အိမ်ကို ဘဝသစ်လို့ခေါ်ပါတယ်။
ခုထိအဖေနဲ့အမ နေထိုင်ဆဲအိမ်ပါ။
ကျနော်ကတော့
အခုထိအိမ်မဟုတ်တဲ့ အခန်းတွေ ပြောင်းနေရတုန်းပါ။
မနက်ဖြန်အိမ်လေးမှာနေခဲ့တာ စာချုပ်ပြည့်တော့မယ်။
လက်ထဲမှာဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားတာနဲ့။
သီချင်းမဟုတ်ပါ။တကယ်အဖြစ်ပါ။
မနက်ဖြန်ဒီအခန်းမှာနေခဲ့တာ တနှစ်ပြည့်တော့မယ်။

ငှက်ကလေးနှင့်သူ

ကျနော်ရဲ့ ညနေခင်းတွေကို အိမ်လေးရဲ့ ၀ရန်တာကနေ တိမ်တွေကို ကြည့်ပြီး အချိန်ဖြုန်းလေ့ရှိတယ်။
ဒီနေ့လဲ ထုံးစံအတိုင်း တိမ်တွေကြည့်နေဆဲ ၀ရန်တာနားက သရက်ပင်ကို ငှက်ကလေး တစ်ကောင် လာနားတယ်။ ကျနော့် မျက်လုံးတွေ ခွာမရနိုင်အောင် အရမ်းလှတဲ့ ရွှေရောင် ငှက်ကလေး။  ရွှေရောင် ငှက်ကလေးက တေးစ သီတယ်။ ငှက်ကလေးရဲ့ အဆင်းနဲ့တေးသံက ကျနော် နှလုံးသားတခုလုံးကို စွဲဆောင်ထားပါတယ်။
ငှက်ကလေး စားဖို့ဆန်စေ့တွေ ကြဲပေးမိတယ်။ ငှက်ကလေးက ကျနော့်အရိပ် အကဲကြည့်ပြီး စားပါတယ်။ ကျနော်တို့အချင်းချင်းနားလည်မှု့ ရနေသလိုပါပဲ။ ကျနော့်ရဲ့ ရွှေရောင်ငှက်ကလေးရေ ညနေခင်းတိုင်း ငါမင်းကိုစောင့်နေမယ်နော်။  ဒီညနေကို ကျနော်ရင်ခုန် နေတယ်။ ရွှေရောင်ငှက် ကလေးလာတော့မယ်။ ကျနော်အရမ်း မျှော်နေမိချိန်မှာ ငှက်ကလေး တကောင် သရက်ပင်ကိုင်းဖျားမှာ လာနားတယ်။ သူဟာကျနော် မျှော်နေတဲ့ ရွှေရောင် ငှက်ကလေးတော့ မဟုတ်ပါဘူး။ ရွှေရောင်ငှက်ကလေးနဲ့ တူတဲ့ငွေရောင် ငှက်ကလေးပါ။ ကျနော်ရင်တခုလုံး ဟာ ကျသွားတယ်။ငွေရောင်ငှက်ကလေး ကတေးစဆိုပါတယ်။ သူ့ တေးသံလဲချိုပါတယ်။ ရွှေရောင် ငှက်ကလေးရဲ့ တေးလောက်မချိုပေမယ့် ကျနော့်ရဲ့ ရွှေရောင် ငှက်ကလေးလောက်။ ငှက်ကလေးဖို့ ဆန်စေ့တွေကြဲချလိုက်ပါတယ်။
နောက်နေ့တွေ နောက်နေ့တွေ ကျနော့်ရဲ့ရွှေရောင် ငှက်ကလေးကို ကျနော်မျှော်နေဆဲ...  ငွေရောင် ငှက်ကလေးလဲ နေ့စဉ်တေးသီဆဲ.. နေ့စဉ်သရက်ပင် ဖျားလာနားဆဲ...ဆန်စေ့ တွေစားဆဲ.....
ကျနော်လည်း ရွှေရောင် ငှက်ကလေးကိုမျှော်ဆဲ....  ကျနော်နဲ့ ငွေရောင် ငှက်ကလေးဟာ နားလည်မှု့ မရကြပါဘူး။ ကျနော်မျှော်နေတာ သူမဟုတ်ဘူးဆိုတာ သူသိလာသလိုပါပဲ။ သူ့ တေးချိုကို ကျနော့် ရွှေရောင်ငှက်ကလေး တေးလောက် ကျနော်မကြိုက်ဘူးဆိုတာ သူသိနေသလိုပါပဲ။
ကျနော် အေးစက်မှု့ ကိုသူမခံနိုင်တော့ပါဘူး။ အဲဒီနေ့.. အဲဒီ့နေ့ပေါ့...... ငွေရောင်ငှက် ကလေးလာတယ်။
ကျနော်လဲ ရွှေရောင်ငှက်ကလေးကို မျှော်တယ်.. သူတေးသီတယ်... တိမ်တွေကလဲ ကျနော် ကြည့်နေကျ ထက်ပိုလှနေတယ်.. တိမ်တွေရဲ့တောက်ပမှု့...အလင်းေ၇ာင်အောက်ကနေ..သူအားယူပြီး... ပျံတက်တယ်......တိမ်ရဲ့အလင်းရောင်နဲ့.... ရွှေရောင် တောက်လာတဲ့ ငှက်ကလေး....ကျနော်ရဲ့ငှက်ကလေး....သူဟာကျနော် တမ်းတနေတဲ့ ရွှေရောင်ငှက်ကလေး..........အဲ့နေ့ကစပြီး ငှက်ကလေးဟာ မလာတော့ဘူး။

happy birthday



နိုင်ငံရပ်ခြားရောက်ကာစ မလည်မ၀ယ် ညီမတယောက်ကို
ဘာဘိုရေလို့ ခေါ်တဲ့
ဟင်းချက်နည်း တရားနာနည်း ပျော်အောင်
သူငယ်ချင်းတွေနဲ့နေတတ်အောင်
အစစအရာရာသွန်သင်တတ်တဲ့
အကိုသို့
ရက်လွန်မွေးနေ့ဆုတောင်း

စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ

ဘာဘို

သေမင်းနဲ့ရန်ဖြစ်သူ


သေမင်းကိုတွေ့ လိုက်လား
ငါမသိချင်ဘူး
ကမ္ဘာပေါ်က ရောဂါဝေဒနာသည်တွေ
သနားစဖွယ် ညည်းနေကြတယ်
မသေချင်သေးဘူး
မသေချင်သေးဘူး
မသေချင်သေးဘူး
ဲ့
သေမင်းက မသိချင်ယောင်ဆောင်နေတယ်
သူ့ မှာ မေတ္တာတရားမရှိဘူး
သူ့ မှာအကြင်နာတရားမရှိဘူး

သူ့မှာအငြိုးအတေးမရှိဘူး
သူ့ မှာအာဃာတမရှိဘူး
သူသိတာ သူ့ တာဝန်ပဲ
တာဝန်တခုအတွက် သူသတ်တယ်


ဘုရားသခင်
သေမင်းကိုဘာကြောင့်ဖန်ဆင်းခဲ့တာလဲ
မဖြေပါနဲ့တော့
ကမ္ဘာမှာ သေခြင်းတရားမရှိရင်
လူတွေပုံလာမှာပေါ့
မလိုချင်ဘူး အဲ့ဒီအဖြေ
မှည့်လို့ ကြွေပါစေ
မခြွေချပါနဲ့တော့
မသေချင်သေးဘူး
 မသေချင်သေးဘူး

တခါတလေ


တခါတလေ
ငါတွေးမိတယ် ငါရပ်ပြီးမော့ကြည့်နေတဲ့ကောင်းကင်က
ငါအိမ်ရှေ့ကကောင်းကင်ပေါ့
ငါငယ်ငယ်ကတည်းကမော့ကြည့်ခဲ့တဲ့
ငါချစ်တဲ့ကြယ်တွေပေါ့
ဘယ်ကောင်းကင်ရှူခင်းဘယ်လိုလှလှ
ငါ့အိမ်ရှေ့ကကြည့်တဲ့ ကြယ်တွေလောက်မလှဘူး

တခါတလေ
ငါတွေးမိတယ် တန်ပူရာကြော်က မွှမွှရွှရွှလေးပေမယ့်
ငါတို့လမ်းထဲက အော်ရောင်းတဲ့
ငါအမြဲအော်ခေါ်ပြီး စားတဲ့
ဘရာကြော်ကုလားရဲ့ ဘရာကြော်သေးသေးလေးတွေလောက်
အရသာမရှိဘူး

တခါတလေ
ငါတွေးမိတယ် မီးရှုးမီးပန်းပွဲက မီးပန်းတွေက
ထူးထူးခြားခြား ဆန်းပြားပေမယ့်
ငါတို့ညောင်လေးပင်ရွှေကျင်ရဲ့ မီးမျှောပွဲကိုတော့
တုမမှီဘူး

တခါတလေ
ငါတွေးမိတယ် သူတို့ဆီက ဟိုတယ်တွေအရမ်းကောင်းတယ်တဲ့
ငါကတော့ငါတို့ဆီက လူတန်းစားမရွေး လက်ခံတဲ့
ဘုန်းကြီးကျောင်းပဲ ကြိုက်တယ်
မနက်စာတင်မက ညစာပါစားလို့ရတယ်

တခါတလေ
ငါတွေးမိတယ် ဂျပန်မလေးတွေလှတယ်တဲ့
မရှိတဲ့မျက်မှေးကို ကာလာတွေနင်းကန်တင်ပြီး
မနိုင်မနင်းဒေါက်မြှင့်ကြီးစီး  ကွတကွတ
ငါကတော့ငါတို့ဆီက သနပ်ခါးအဖွေးသားနဲ့
ရင်အေးစေသူတွေပဲ မြတ်နိုးတယ်
တခါတလေ
ငါတွေးမိတယ်
တခါတလေ
ငါတွေးမိတယ်
တခါတလေ
ငါတွေးမိတယ်

အဆုံးမရှိအစမရှိ


 မိုးလင်းလို့ကျမကိုနိုးတာကတော့ ရထားခုတ်မောင်းသံပေါ့.အိပ်ရာကနိုးတယ်ဆိုတာနဲ့ ထူးအိမ်သင်ရဲ့အမေ့အိမ်ကို ကောက်အော်ပြီး ထခဲ့တဲ့မိုးသောက်တွေလဲမနဲတော့ပါဘူး.လက်ကမနက်စာပြင်ရင်း... ပါးစပ်က အိမ်ပြန်ချင်တဲ့စိတ်ကလေးတားမရဘူး.အော်ရင်း..အနွေးထွေးအလုံခြုံဆုံးအိမ်ဟာ အဖေ့အိမ်ပဲလို့သိလိုက်ရတဲ့အချိန်ကျတော့..ကျနော်ဟာ ဟိုး.............................................(မော်လမြိုင်ထက်ဝေးလို့)အဝေးကြီးမှာရောက်ရှိနေခဲ့ပြီပေါ့
 မနက်စာစားချိန်တွေမှာ မောင်နှမတစု အော်ရင်း ရန်ဖြစ်ရင်း ဟဲ့ဆီတွေနင်းကန်မထည့်နဲ့ ကိုကြီးမကြိုက်ဘူး ဆိုတဲ့ အသံတွေနဲ့ဝေးရာမှာ
တယောက်ထဲ မနက်စာစားရင်းမျက်ရည်ကျမိတာတွေလဲမနဲတော့ပါဘူး..
သဲသဲကြိုက်တဲ့ဟင်း ပိုချန်ထားပေးတဲ့ သူတွေနဲ့ဝေးရာမှာ
အို...ကိုယ်ကြိုက်လို့ရွှေးခဲ့တဲ့လမ်း ဆိုပြီး  အားတင်းရင်း..အားတင်းရင်း
 နေ့လည်ကျောင်းကအပြန် မြန်မာနွေထက်ပူတဲ့ဂျပန်နွေရဲ့ ကွန်ကရစ်လမ်းပူပူပေါ်
စက်ဘီးလေးနင်းရင်း ...အလုပ်သွားတော့ ...ပျော်တာပေါ့အဖေရယ် ပျော်တာပေါ့ ကျောင်းကြီးမှာသားလေးတော်တော်ပျော်ပါတယ်....  ငြီးရင်း ကုန်းတက်တွေမှာကုန်းရုန်းနင်းပေါ့
ညအလုပ်ကပြန်လာရင် ၀မ်းနည်းမိတာက ကြိုဆိုသူမရှိတဲ့ အိမ်ခန်းမှောင်မှောင်လေးပါပဲ.ကိုယ်မှမီးမထွန်းရင် မလင်းနိုင်တဲ့အခန်းလေး..
စိတ်ပူပေးမယ့်သူမရှိမှ ကိုယ့်ကိုတယောက်ယောက်က စိတ်ပူပြီးစောင့်နေပေးတဲ့စိတ်လုံခြုံမူု့ မျိုး
လိုချင်လာမိတယ.်အိမ်မှာဆို မီးပျက်ရင် မီးစက်ဖွင့်ဖို့ နင်နဲ့နီးတယ်နင်ဖွင့် ဆိုပြီး


အို..ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ရဲဒုက္ခအိုးလေး အားတင်းနေပါတယ်..
 ကျောကမိတ်တွေတော့ကိုယ်ဘာသာကိုယ်ပဲကုတ်နေရတယ်